OpenAI ရဲ့ ChatGPT ကို အပတ်စဉ်အသုံးပြုသူ သန်း ၁၀၀ ကျော်ရောက်ရှိ

ChatGPT ကို အပတ်စဉ်အသုံးပြုသူ သန်း ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် Sam Altman က ဆန်ဖရန်စစ္စကိုမြို့ရှိ ကုမ္ပဏီ၏ ပထမဆုံး Developer ကွန်ဖရင့်တွင် တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ အဆိုပါနည်းပညာကို လွန်ခဲ့သည့်တစ်နှစ်နီးပါးက ဖြန့်ချိခဲ့ပြီး စတင်ရောင်းချချိန်မှ နှစ်လအတွင်း လစဉ်အသုံးပြုသူ သန်း ၁၀၀ ခန့်ရရှိကာ သုံးစွဲသူကိုအခြေခံတဲ့ တိုးတက်မှုအမြန်ဆုံးစံချိန်ကို တင်ခဲ့ပါတယ်။

Fortune 500 ကုမ္ပဏီများရဲ့ 92% ကျော်အပါအဝင် Developer နှစ်သန်းကျော်ဟာလည်း ဤ Platform ကိုအသုံးပြုကြောင်း Altman က ထိုနေ့မှာမျှဝေခဲ့ပါတယ်။ OpenAI ကုမ္ပဏီက ကြေငြာချက်အသစ်များကို ဆက်တိုက်မျှဝေခြင်းဖြင့် ရည်မှန်းချက်အသစ်များကိုပါ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ကုမ္ပဏီက ၎င်းရဲ့ အထင်ကရ စာသားထုတ်လုပ်တဲ့ AI မော်ဒယ် GPT-4 ရဲ့ ပို၍အစွမ်းထက်ပြီး ဈေးသက်သာသော ဗားရှင်းဖြစ်တဲ့ GPT-4 Turbo ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

ထပ်မံပြီး OpenAI က မည်သူမဆို စကားပြောဆိုနိုင်သော AI စနစ်ရဲ့ ကိုယ်ပိုင်ဗားရှင်းကို ဖန်တီးနိုင်တဲ့ GPTs ကိုလည်း ထပ်မံကြေညာခဲ့ပါသေးတယ်။ ကုမ္ပဏီက သုံးစွဲသူများအား “GPT Store” လို့ခေါ် ဆိုတဲ့ စျေးကွက်တစ်ခုတွင် ၎င်းတို့ရဲ့ကိုယ်ပိုင်ဗားရှင်းများကို ဖြန့်ချိစေနိုင်တဲ့ နည်းပညာတစ်ခုကိုလည်း ဖန်တီးပေးသွားမှာဖြစ်ပြီး ထိုနည်းပညာကို အသုံးပြုဖြန့်ချိခြင်းဖြင့် ဝင်ငွေအချို့ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

OpenAI ChatGPT DevDay

ထို့အပြင်၊ OpenAI ရဲ့ text-to-image မော်ဒယ်ဖြစ်တဲ့ DALL-E 3 ကို ChatGPT နှင့် Bing Chat သို့ ပထမဆုံးရောက်ရှိလာပြီးနောက် API မှတစ်ဆင့် ယခုရရှိနိုင်ပြီဟုလည်း ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ စိတ်ဝင်စားစရာမှာ OpenAI သည် Developer များအား ၎င်းတို့ရဲ့အက်ပ်များအတွင်း “အေးဂျင့်နှင့်တူသောအတွေ့အကြုံများ” ကို ဖန်တီးပေးမယ့် Assistants API ဟုခေါ်တဲ့ API အသစ်ကို စတင်လိုက်ပါတယ်။ ဤ API ဖြင့်၊ Developer များက ပြင်ပဗဟုသုတများကို အသုံးချတဲ့ “လက်ထောက်” ကို တည်ဆောက်နိုင်ပြီး ၎င်းက လုပ်ငန်းများကို ဆောင်ရွက်ရန် OpenAI မျိုးဆက်သစ် AI မော်ဒယ်များနှင့် ကိရိယာများကို ခေါ်ဆိုနိုင်ပါတယ်။

နောက်ဆုံးအနေနှင့် ကုမ္ပဏီက ရွေးချယ်ရန် ကြိုတင်သတ်မှတ်ထားသော အသံခြောက်ခုနှင့် မျိုးဆက်သစ် AI မော်ဒယ်ဗားရှင်းနှစ်မျိုး ပါရှိတဲ့ text-to-speech API ကို မိတ်ဆက်ခဲ့ပါသေးတယ်။

Reference: Techcrunch

ယခုလို နောက်ဆုံးရ နည်းပညာသတင်းဆောင်းပါးများကို Thetys Facebook Page နှင့် Thetys Myanmar Website တို့တွင် အချိန်နဲ့တပြေးညီ အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်တဲ့အတွက် Like နဲ့ Follow လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။